Wednesday, April 16, 2014

ကိုင်း ညီအကိုတို့အလှည့်ရောက်ပြီ

ရေးသားသူ — စိုးမိုးသူ
 
 
လာမယ့် ၄လ ၂၇ရက်(တနင်္ဂနွေ) နေ့လယ်၂နာရီ ဆိုးလ်မြို့လယ် ဘိုရှင်ဂါ့ဂ်ရှေ့မှာ ကမ္ဘာ့အလုပ်သမားနေ့အကြို ရွှေ့ပြောင်းအလုပ်သမားဆန္ဒပြပွဲကို ကျင်းပပြုလုပ်သွားပါမယ်။
ဒီပွဲဟာ နှစ်စဉ်ကျင်းပလာခဲ့သလို ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ အခြေအနေများကိုလည်း ကိုရီးယားနှင့် ကမ္ဘာက သိအောင် ပြုလုပ်တဲ့ ပွဲလည်းဖြစ်ပါတယ်။
 
ယခုနှစ်မှာလည်း နိုင်ငံတကာမှ လာသည့် ရွှေ့ပြောင်းအလုပ်သမားများ အင်အားပြတက်ရောက်ကြမှာဖြစ်တာကြောင့် ရွှေမြန်မာများရဲ့ မခေကြောင်းကိုလည်း ပြသရမယ့်နေ့လည်းဖြစ်ပါတယ်။

ဒါပေမယ့် နှစ်တိုင်း ရွှေမြန်မာအင်အားက အောက်ဆုံးက အနုတ်သုည အဆင့်မှာရှိတာကတော့ စိတ်မသက်သာစရာပါ။စင်ပေါ်မှာ အခမ်းအနားမှူးလုပ်တဲ့ ဦးဆောင်သူ မြန်မာကလွဲလို့ ပွဲအတွင်း မြန်မာမရှိတာ ရှက်စရာ အင်မတန်ကောင်းပါတယ်။
ဘူဆန်းဘက်က လှုပ်ရှားမှုတွေမှာတော့ မြန်မာတွေ အင်အားအပြည့်ပါတာမြင်ရတော့ လှမ်းပြီး အားကျခဲ့ရတယ်လေ။
 
ဒီတော့ လာမယ့်ပွဲမှာ
-နိုင်ငံတကာအလယ်မှာ မျက်နှာမငယ်ရသော ရွှေမြန်မာများဖြစ်ဖို့
-အချောင်ခိုသော တာဝန်မသိတတ်သော ရွှေမြန်မာများ မဖြစ်ဖို့
-တန်းတူညီတူ လက်တွဲညီစွာ မိမိအခွင့်အရေးကို ပူးပေါင်းဆင်နွှဲတတ်သော ရွှေမြန်မာများဖြစ်ဖို့
ဘယ်လို တက်ရောက်ပူးပေါင်းကြမလဲဆိုတာ ညီအကိုတို့ ကိုယ်တိုင် ဦးဆောင် စီစဉ်ကြပါ။
 
ထွဲဂျိဂွန်ကိစ္စအပေါ် ကျနော် အထူး အာရုံစိုက် တိုက်ပွဲဝင်နေချိန်မှာ
ညီအကိုတို့က တဘက်တလမ်းကနေ အခုလို အင်အားပြရမယ့် နေရာတွေကို
ကိုယ်တိုင် ဦးဆောင်စီစဉ်ပေးမှ
ကျနော်နဲ့အတူ တရားမျှတသော အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက်
အတူတကွ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ယူဆလို့ရမယ်။
ဒါမှလည်း မျှတမယ်လို့မြင်တယ်။

ဒီတော့
အတူပူးပေါင်း စီစဉ်ထားတာတွေကို ကျနော့်ကို အချိန်မရွေး တိုင်ပင်အကူအညီတောင်းနိုင်ပါတယ်။
ကဲ တာဝန်သိတတ်သူပဲ တာဝန်ကို ယူတတ်ပါတယ်။အပြောမဟုတ် လက်တွေ့လုပ်သော ရွှေမြန်မာစစ်စစ်များ ဖြစ်ကြပါစေ။

No comments: