Saturday, April 19, 2014

နွေးဦးရှိုက်သံထဲက အတွေးတစ


(ကယ်ဆယ်ရေးများ ရောက်ကာစ သင်္ဘောနစ်မြုပ်စဉ် အခြေအနေ)

အမှောင်နေ့

ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ သင်္ဘောမှောက်တယ်ဆိုတဲ့ စိတ်မကောင်းစရာ သတင်းကို စသိလိုက်ရပါတယ်။ ကိုရီးယား သတင်းဌာနတွေက အဖြစ်အပျက်ကို အဆက်မပြတ် ထုတ်လွှင့်နေပြီး ကယ်ဆယ်ရေးလုပ်နေတာကိုလည်း တိုက်ရိုက်လွှင့်ပါတယ်။ သင်္ဘောဟာ ရေပြင်မှာ တစောင်းကနေ တုံးလုံး၊ တုံးလုံးကနေ မှောက်ခုံ ဖြစ်သွားတာကို အဆင့်ဆင့် မြင်တွေ့လိုက်ရပါတယ်။ လူ ၃၀၀ ကျော် ပျောက်နေတယ်တဲ့။

အင်ချွန်း-ဂျယ်ဂျူး လူစီးသင်္ဘော Sewol မှာ ၀န်ထမ်း ၃၀ ကျော်အပါအ၀င် စုစုပေါင်း ၄၇၅ ယောက် ပါပါတယ်။ ခရီးသည်တွေအနက် ၃၂၅ ယောက်က အန်ဆန်းမြို့ အထက်တန်းကျောင်းက ဆရာနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ လေးရက်တာ လေ့လာရေးခရီးအတွက် မနေ့ည ၉ နာရီက အင်ချွန်းဆိပ်ကမ်းကနေ ထွက်လာကြတာပါ။ နောက်တနေ့ မနက် ၉ နာရီ မထိုးခင်လေးမှာတော့ သင်္ဘောဟာ ရုတ်တရက် တုန်ခါလာပြီး ဘယ်ဘက်ကို ယိမ်းကျလာပါတယ်။ အဲဒီနေရာက ဂျင်ဒိုကျွန်းရဲ့ တောင်ဖက် ကီလိုမီတာ ၂၀ လောက်မှာပါ။ ရေအနက်က မီတာ ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ သင်္ဘော အန္တရာယ်ကျရောက်ကြောင်း သတင်းပို့ချိန်ဟာ နံနက် ၀၈း၅၈ နာရီလို့ ကမ်းစောင့်တပ်ဖွဲ့က ပြောပါတယ်။

ကယ်ဆယ်ရေးကို အလျင်အမြန် လုပ်ကြပါတယ်။ လှေ၊ သင်္ဘော၊ ရဟတ်ယာဉ် အမြောက်အမြားနဲ့ ရေငုပ်သမား ရာနဲ့ချီပြီး ရှာဖွေ ကယ်ဆယ်ကြပေမယ့် အသက်ရှင်လျက် ၁၇၄ ယောက်ပဲ ကယ်ယူလိုက်နိုင်ပါတယ်။ ညနေပိုင်းမှာ သေဆုံးသူ အလောင်း ၆ ခုကို အတည်ပြုနိုင်ပြီး ကျန် ၂၉၁ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရက ကြေညာပါတယ်။

ပျောက်ဆုံး အရေအတွက်ဟာ အလွန်များတာကြောင့် စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားပါတယ်။ ကိုရီးယားမှာရှိတဲ့ ပင်လယ်ကူး လူစီးသင်္ဘောတွေထဲက အကောင်းဆုံးတခုဖြစ်တဲ့ ဆဲဝေါလ်ဟာ လူ ၉၂၁ ယောက်ထိ တင်နိုင်တာပါ။ သင်္ဘောမှာ အသက်ကယ်လှေနဲ့ ရေဖော့အင်္ကျီတွေလည်း အလုံအလောက် ပါနိုင်လျက်နဲ့ လူသုံးရာလောက် ပျောက်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ တန် ၆၈၂၅ ရှိတဲ့ သင်္ဘောဟာ ရေထဲကို စွပ်ခနဲ ၀င်သွားတာမှ မဟုတ်တာ။ အန္တရာယ် စ ဖြစ်ချိန်ကနေ နစ်မြုပ်ချိန်အထိ တစ်နာရီခွဲလောက် ကြာခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်တော့ သင်္ဘောက တုံးလုံးဖြစ်ကာစပဲ ရှိပါသေးပါတယ်။

ဘေးအန္တရာယ်တခုမှာ အသေအပျောက် ဆိုတာ မကင်းတတ်ပါဘူး။ သို့ပေမယ့် နည်းနိုင်သမျှ နည်းစေရမှာ ဖြစ်ပါတယ်။ ခရီးသည်တွေ ဆိုတာက ကြောက်လန့် တုန်လှုပ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြမှာပါပဲ။ သင်္ဘောမှာ အန္တရာယ်ကျရင် ဘယ်လို လွတ်မြောက်အောင် လုပ်ရမယ်ဆိုတာကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ထားတာက သင်္ဘောဝန်ထမ်းတွေပဲ မဟုတ်လား။ သူတို့က ခရီးသည်တွေကို ညွှန်ကြား ကူညီပေးရမှာပါ။ ၀န်ထမ်းတွေထဲမှာ တာဝန် အရှိဆုံးကတော့ ကပ္ပတိန်ပဲ ဖြစ်ပါတယ်။ ကပ္ပတိန်ဟာ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့ လွတ်မြောက်ရေး အစီအမံကို သေသေချာချာ မလုပ်ခဲ့ဘူးဆိုတာ ခန့်မှန်းလို့ ရနေပါတယ်။

လွတ်မြောက်လာသူတွေရဲ့ ပြောစကား အချို့က ဒီအချက်ကို ထင်ဟပ်နေပါတယ်။

“ကိုယ့်နေရာမှာပဲ ငြိမ်ငြိမ်နေကြဖို့ ပြောတယ်။ ဒါပေမယ့် အခန်းထဲကို ရေက ၀င်လာပြီ”

“မကြောက်ကြဖို့ ငြိမ်ငြိမ်နေကြဖို့ ပြောတယ်။ ဒါပေမယ့် ငါဒီကနေ ထွက်မှဖြစ်မယ်ဆိုပြီး အပေါ်ရောက်အောင် ထွက်လာခဲ့တာ”

“နိုး၊ ဘယ်သူမှ ရောက်မလာဘူး၊ အပြင်ကို ထွက်လို့မရဘူး” (ဖုန်းမက်ဆေ့ခ်ျ)

လွတ်မြောက်လာတဲ့ ကပ္ပတိန် အီဂျုန်ဆော့က “ကျနော် တကယ် ၀မ်းနည်းပါတယ်” လို့ တောင်းပန်ပါတယ်။ ဒါပေမယ့် သိပ်ကို နောက်ကျသွားပါပြီ။


(ခရီးစဉ်နှင့် နစ်မြုပ်ပုံ အဆင့်ဆင့်)

ဘာကမ်ဟက် သင်ခန်းစာ

ဘေးအန္တရာယ်တွင်းကနေ လွတ်မြောက်ဖို့ ရုန်းကန်ရတဲ့အခါ အမျိုးသမီးနဲ့ ကလေးတွေကို ပထမ ဦးစားပေးကူညီ၊ အမျိုးသားတွေက ကိုယ့်တာဝန်ကိုယ်ယူ၊ တာဝန်အရှိဆုံးလူကတော့ နောက်ဆုံးမှ စွန့်ခွာထွက် သို့မဟုတ် အသေခံ ဆိုတဲ့ ဓလေ့နဲ့ လုပ်ဆောင်လေ့ ရှိပါတယ်။

ဒီလုပ်ရပ် အစဉ်အလာဟာ ဘာကမ်ဟက် (Birkenhead) သင်္ဘော နစ်မြုပ်စဉ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

၁၈၅၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဗြိတိသျှရေတပ်ပိုင် ဘာကမ်ဟက် သင်္ဘောဟာ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့အနီး ပင်လယ်ထဲမှာ မတော်တဆ နစ်မြုပ်ပါတယ်။ သင်္ဘောပေါ်မှာ ရေတပ်စစ်သည်တွေနဲ့အတူ ခရီးသွားအချို့လည်း ပါလာပါတယ်။ အဲဒီခေတ်က သင်္ဘောတွေမှာ အသက်ကယ်လှေ အလုံအလောက်ပါလေ့ မရှိသေးပါဘူး။ ကပ္ပတိန် ရောဘတ်ဆာမွန် (Robert Salmond) ဟာ အမျိုးသမီးနဲ့ ကလေး ၂၉ ယောက်ကို လှေတွေပေါ် ပထမဦးစွာ တက်စေပြီး လွတ်မြောက်စေခဲ့ပါတယ်။ သူနဲ့အတူ စစ်သည်အများစုကတော့ စွန့်ခွာသွားတဲ့ လှေတွေကို လက်ပြနှုတ်ဆက်ရင်း သင်္ဘောနဲ့အတူ ရေအောက်ကို သက်ဆင်းခဲ့ကြပါတယ်။

ဒီလုပ်ရပ်ဟာ လေးစားအတုယူဖွယ် ဖြစ်ခဲ့ပြီး ရေကြောင်းသွားလာတဲ့ သင်္ဘောတွေ လှေတွေအတွက် 'စံ' တခု ဖြစ်လာပါတယ်။ ဒီလို လွတ်မြောက်ရေး အစီအမံကို ဘာကမ်ဟက်သင်ခန်းစာလို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘော နစ်မြုပ်စဉ်ကလည်း ကပ္ပတိန် အက်ဒ၀ပ် ဂျွန် စမစ်ဟာ ဒီအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

နောင်အခါမှာတော့ လှေ သင်္ဘောတွေမှာသာမက အခြား ဘေးအန္တရာယ် ကျရောက်ရာမှာလည်း ဒီအတွေးအခေါ် အစီအမံအတိုင်း ဆောင်ရွက်လာကြပါတယ်။ အသက်ဘေးက လွတ်မြောက်ဖို့ ရုန်းကန်တဲ့အခါ အမျိုးသမီးနဲ့ ကလေး ဦးစားပေး၊ အမျိုးသားတွေ ကိုယ့်တာဝန်ကိုယ်ယူ၊ ခေါင်းဆောင်ဖြစ်သူက နောက်ဆုံးမှ စွန့်ခွာ၊ အသက်ပေးသင့်ရင်ပေး ဆိုတာ လူသားဂုဏ်ရည် တရပ် ဖြစ်နေပါပြီ။

လူဆိုတာ တနေ့ သေရမယ်မှန်း သိပေမယ့် အသက်ဘေးနဲ့ တကယ်ကြုံလာရင်တော့ တုန်လှုပ်ကြစမြဲပါ။ အသက်လွတ်အောင် ရုန်းထွက်ကြတာ လူ့သဘာဝပါ။ သို့ပေမယ့် မိမိရဲ့ အသက်တခုတည်းသာမက အခြားသူများရဲ့ အသက်ကိုပါ ငဲ့ကွက်ကူညီတာဟာ လူရဲ့ မေတ္တာ ကရုဏာ နှလုံးသားက ထွက်ပေါ်လာတဲ့ သူရဲကောင်းစိတ်ဓာတ် ဖြစ်တယ်လို့ ဆိုရမှာပါ။ အန္တရာယ်ကျရောက်ရင် ဒီအတိုင်း လုပ်ရမယ်လို့ ဥပဒေအရ ရေးသား ပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့်၊ လူတွေရဲ့ အသိတရားနဲ့ နှလုံးသားမှာ စွဲမြဲနေတဲ့ မြင့်မြတ်တဲ့ “လူ့ကျင့်ဝတ်” ဖြစ်ပါတယ်။

ဆဲဝေါလ်သင်္ဘောရဲ့ ကပ္ပတိန်မှာ ဘာကမ်ဟက်ဝိညာဉ် မဲ့နေခဲ့ပြီး၊ ပိုဆိုးတဲ့ လူအများ မေးငေါ့စရာ လုပ်ရပ်ကတော့ သူဟာ ပထမဆုံး ကယ်ဆယ်ခံရတဲ့ အုပ်စုမှာ ပါဝင်ခဲ့တာပါပဲ။ သူနဲ့အတူ အခြား ၀န်ထမ်းတွေပါ လွတ်မြောက်ခဲ့ပြီး၊ တဦးတည်းသော အသက်ပေးခဲ့သူ အမျိုးသမီး ၀န်ထမ်းကတော့ အသက် ၂၂ နှစ်ရွယ် ဘတ်ဂျီယောင်း ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ သူဟာ ကယ်ဆယ်ရေးကို လုပ်ဆောင်ရင်း သေဆုံးသွားတာလို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။

သူ့လိုပဲ အခြားသူများကို ကူညီပေးခဲ့ကြသူတွေက ခရီးသွား ကျောင်းသားတဦးနဲ့ အမျိုးသား ၀န်ထမ်းနှစ်ဦး ဖြစ်ကြောင်း၊ သူတို့ကို ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။


(စတင် ကယ်ယူနေစဉ်)

ဘာကြောင့်မှောက်

ခုချိန်မှာတော့ ကိုရီးယား ပြည်သူတွေရဲ့ ၀မ်းနည်းဒေါသဟာ ကပ္ပတိန်ဆီကို ဆိုက်ရောက်သွားပါပြီ။ သူ့ကို တာဝန်ပိုင်း မှားယွင်းမှုအရ အရေးယူဖို့ ဖမ်းဆီးထားကြောင်း ရဲက ပြောပါတယ်။

အခင်းမဖြစ်မီမှာ သင်္ဘောပဲ့ကို အငယ်တန်းအရာရှိလက်သို့ ကပ္ပတိန်က လွှဲထားကြောင်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။ သင်္ဘောဦးပိုင်းဟာ ထက်မြတဲ့ အရာတခုနဲ့ တိုးတိုက်မိတယ်လို့ ယူဆရကြောင်း ကပ္ပတိန်က ပြောပါတယ်။ ဒါဟာ ကျောက်ဆောင်တော့ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ အဲဒီအခိုက်မှာ ပဲ့ကိုင်နေတဲ့ အရာရှိငယ်က ပဲ့ဘီးကို ဘယ်ဖက်သို့ ရုတ်တရက် ဆွဲလှည့်လိုက်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်ရပ်ဟာ လူရဲ့ အမှားကြောင့် ဖြစ်တာလို့ သုံးသပ်ပါတယ်။

လွတ်မြောက်လာသူ ကျောင်းသားတဦးက “အသံကျယ်ကျယ် တခုကြားရပြီး သင်္ဘောဟာ တုန်ခါလာတယ်”လို့ ပြောပါတယ်။ နောက်ထပ် ခရီးသည်တဦးကလည်း သင်္ဘောဟာ တုန်ခါ ယိမ်းထိုးတယ်လို့ ပြောပါတယ်။ ခုထိတော့ ဘယ်သူကမှ ဘာဖြစ်တယ်လို့ အသေအချာ မပြောနိုင်သေးပါဘူး။

အသေအချာ ပြောနိုင်တာ တခုကတော့ ကပ္ပတိန်နဲ့ ၀န်ထမ်းတွေဟာ လွတ်မြောက်ရေး အစီအမံကို မြန်မြန်ထက်ထက် မလုပ်နိုင်ခဲ့တာပါပဲ။ ရေဖော့အင်္ကျီတွေ လူတိုင်း ပြည့်စုံအောင် မ၀တ်နိုင်တာ၊ အသက်ကယ်လှေတွေ မချနိုင်တာ၊ ဘေးလွတ်ရာ ကုန်းပတ်ပေါ်ကို အချိန်မီ မတက်နိုင်တာတွေဟာ သိသာတဲ့ ဟာကွက်တွေ ဖြစ်နေပါတယ်။


(ဆဲဝေါလ်သင်္ဘော)

ဟန်လား အဆံလား

ဒီလိုအချိန်မှာ ကိုရီးယားတွေကို ဝေဖန်ဖို့ မသင့်ပေမယ့် သူတို့ရဲ့ ဓလေ့စရိုက်တခုနဲ့ ဆက်စပ်နေတာမို့ တခုတော့ ထောက်ပြချင်ပါတယ်။ ကိုရီးယားတွေဟာ မဖြစ်ခင် ကြိုတင် ပြင်ဆင်တာထက် ဖြစ်ပြီးမှ ဟန်ရေးပြတတ်တာ ပိုများတယ်လို့ ကျနော့် တဦးတည်းအနေနဲ့ မြင်မိပါတယ်။

ဒေဂူးမြို့မှာ ၂၀၀၃ ခုနှစ်က ရထား မီးလောင်တော့ တွဲတခါးကို အရေးပေါ် မဖွင့်တတ်လို့ လူ ၂၀၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။ အဲဒီနောက်တော့မှ ရထားတွေမှာ အရေးပေါ်ဖွင့်နည်း စာလိုက်ကပ်ပါတယ်။ မြန်မာတွေအတွက် မမေ့နိုင်တဲ့ ဖြစ်ရပ်တခုက မနှစ်က အရှေ့တောင်အာရှ ဘောလုံးပွဲမှာ နည်းပြ ပတ်ဆောင်ဟွာရဲ့ လုပ်ရပ်ပါပဲ။ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာလည်း ဒါမျိုးတွေကို အမြဲတွေ့ရတတ်ပါတယ်။ ဒါဟာ မဖြစ်သေးရင် “ပေါ့”တတ်တဲ့ ဓလေ့ရဲ့ ထင်ဟပ်မှုတွေလို့ ယူဆပါတယ်။

အခုဖြစ်ရပ်မှာလည်း ဆဲဝေါလ်သင်္ဘောက ၀န်ထမ်းတွေရဲ့ လေ့ကျင့်ပြင်ဆင်မှု၊ နိုးကြားမှု အားနည်း တာတွေကို ဟိုတစသည်တစ တွေ့နေရပါတယ်။

ခုတော့ အထက်တန်းကျောင်းသား ၂၀၀ ကျော်အပါအ၀င် လူ ၃၀၁ ယောက် အသက်ဆုံးရှုံးသွားရပါပြီ။ အီဂျုန်ဆော့လည်း လူမုန်းခံဘ၀ ရောက်သွားပါပြီ။ ပန်းတွေ ပွင့်ဝေတဲ့ ဧပြီလ နွေဦးဟာ ကိုရီးယားနိုင်ငံရဲ့ ၀မ်းနည်းပူဆွေးသောလ အဖြစ် ပြောင်းလဲသွားပါပြီ။

ယနေ့ လူသားတွေရဲ့ ရှင်သန်မှုဟာ ပူနွေးဖောက်ပြန်လာတဲ့ ရာသီဥတုအန္တရာယ်၊ နျူကလီးယား ယိုစိမ့်မှုလို မတော်တဆအန္တရာယ်၊ ဓာတုပစ္စည်းလို လောဘအန္တရာယ်၊ စစ်ဘေးစစ်ဒဏ်လို ဒေါသအန္တရာယ်၊ အကြမ်းဖက်မှုလို မောဟအန္တရယ်တွေနဲ့ အမြဲရင်ဆိုင်နေရတာပါ။ ဒီကြားထဲမှာ လူတွေရဲ့ အမှားအယွင်း ပေါ့ဆမှုတွေနဲ့လည်း မကြာခဏ ကြုံနေရတာပါ။

ဒီလို အန္တရာယ်တွေနဲ့ မမျှော်လင့်ဘဲဖြစ်စေ၊ မျှော်လင့်လျက်ဖြစ်စေ ကြုံခဲ့ကြရရင် ကျနော်တို့ ဘယ်လို ကျော်ဖြတ်ကြမလဲ။ အဲဒီလို သေပြေးရှင်ပြေး အချိန်မှာ ဘာကမ်ဟက်သင်ခန်းစာကို ကျနော်တို့ သတိရနိုင်ကြပါ့မလား။

သေချာတာကတော့ အဲလို အချိန်မျိုးမှာ မိမိ နှလုံးသားရဲ့ ဆုံးဖြတ်ချက်သည်သာ တခုတည်းသော အဖြေ ဖြစ်နိုင်မယ်ဆိုတာပါပဲ။

ဝင်းပေါ်မောင်

No comments: