Friday, February 26, 2010

အမုန်းစက်ဝန်း


နှလုံးသွေးကြောတွေအနှံ့ ဖြတ်သန်း စီးဆင်းရင်း ကျနော့် သွေးတွေကို ပွက်ပွက်ဆူအောင် လုပ်နေတဲ့ အက်ရီနာလင် ဟိုမုန်းဓာတ်တွေရဲ့အလျင်ကို ကျနော် ခံစားမိနိုင်တယ်။

အုန်းပင်ရိပ်အောက်မှာ ထိုင်ရင်း ကုန်စုံဆိုင် ရှေ့တံခါးပေါက်ကို ကျနော် မျက်စေ့ဒေါက်ထောက် ကြည့်နေမိတယ်။ ကျနော့် ရင်ဘတ်ထဲက ခံစားချက်တွေကတော့ အရမ်းကို အသားကျနေပြီးသား ခံစားချက်တွေပါပဲ။

သည့်တိုင်အောင် နောက်ဆုံး သတ်ဖြတ်ခဲ့တုန်းကထက် ခုဟာက ကျနော့်အတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေမလားပဲ။

တမေ့တမော စိတ်ကြည်နူးရမယ့် အချိန်မတိုင်ခင် ကျော်လွှားရမယ့် အချိန်နာရီတွေကို လက်ချိုးရေရင်း အုန်းပင်အောက်မှာ မရိုးမရွ ဆက်စောင့်နေလိုက်တယ်။

ဒီလိုစောင့်ရင်း ဂိတ်စောင့်ရုံလေးကို ကျနော် တစ်ချက် သတိထားပြီး ကြည့်မိတယ်။ အဲဒီ ဂိတ်စောင့်ကိုတော့ ခပ်လွယ်လွယ်လေးပဲ အလဲထိုးနှက်ခဲ့ပြီးသား။ သတိလည်း ပြန်လည်လာဦးမှာ မဟုတ်လို့ ကျနော့်အတွက်တော့ ဘာမှ စိုးရိမ်စရာ မရှိ။

ဒီအချိန်မှာ အဝေးက စကားပြောသံကြောင့် ကျနော့်မျက်လုံးတွေ တဖန် ကုန်စုံဆိုင် မျက်နှာစာဆီ ပြန်ရောက်လာတယ်။

အလုပ်သမားနှစ်ယောက် အနီးက ဟင်းလင်းဖြစ်နေတဲ့ ကားများထားရာနေရာမှာ ရှိတဲ့ ရွှေရောင်အယ်မေရာ ကားဆီ လျှောက်လာနေကြတာ။

နောက် ဂိတ်စောင့်ရုံလေးကို အမှတ်တမဲ့တောင် ကြည့်မသွားဘဲ လမ်းမပေါ် မောင်းထွက်သွားတဲ့ သူတို့ကို သာမန် စိတ်ကျေနပ်မှုမျိုးလောက်နဲ့ ကျနော် လှမ်းကြည့်နေခဲ့တယ်။

အရာရာကတော့ ကျနော်ထင်ထားသလို တစ်ဆင့်ပြီးတစ်ဆင့် ချောမွေ့လှပါဘိ။

တုန်ရီနေတဲ့ နှလုံးခုန်သံကို ကျနော် နားစွင့်ရင်းပဲ ထပ်စောင့်နေလိုက်တယ်။ မိနစ်အနည်းငယ် အကြာမှာတော့ ကျနော့်အတွက် ဆုထူးကြီး အပ်နှင်းခံရမယ့် အရိပ်လက္ခဏာ ပြပါပြီ။ အဲဒါကတော့ သူမ-

သူမ ကာလိုတီ ပါပဲ ။

အနက်ရောင် လက်ကိုင်အိတ်ထဲမှာ သော့တွဲကို မွေနှောက်ရှာရင်း ကားဆီကို လျှောက်လာနေတဲ့ သူမရဲ့ ပိန်ပိန်ပါးပါးသဏ္ဍာန်ကို မြင်လိုက်ကတည်းက စိတ်လှုပ်ရှား တက်ကြွမှုတွေနဲ့ ကျနော့် မျက်လုံးတွေ အရောင်လက်လာတယ်။

သူမရဲ့မျက်နှာကို မမြင်ရပေမယ့် သူမ ဘယ်လိုပုံ ပေါက်နေမလဲဆိုတာ ကျနော်သိနေတယ်။ ဟိုလွန်ခဲ့တဲ့ လေးရက် ကုန်စုံဆိုင်ထဲမှာ ပထမဆုံး ကျနော် သူမကို ကြုံဆုံခဲ့ဖူးသလိုပဲ နေမှာပေါ့။ ပြီးတော့ နောင်ဖြစ်လာမယ့် အရာအားလုံးဟာလည်း သူမရဲ့ အမှားအယွင်းတွေပဲ ဆိုတာ။

အဲဒီနေ့က သူမ အတော်လေး နမော်နမဲ့ နိုင်တယ်။ ဒူမော်ရီယား (du Maurier) စီးကရက် တစ်တောင့်အတွက် ကျနော့်ဆီက ငွေနှစ်ခါယူလိုက်တယ်။ အဲဒီ ငတုံးမ သူ့လုပ်ရပ်ကို သတိတောင် ပြုလိုက်မိပုံ မပေါ်ဘူး။ ကျနော်လည်း ဒီအကြောင်း သူ့ကို ပြောမနေတော့ဘူး။ ကျနော်ဆိုလိုတာက၊ ကျနော်က ဘာ့ကြောင့် ပြောနေ၊ ရှင်းပြနေစရာ လိုသလဲ။ သူတို့ဆိုင် လာဝယ်ခြမ်းသူတွေရဲ့ ပစ္စည်းနုန်းထားတွေကို မှန်မှန်ကန်ကန် တွက်ချက်ယူဖို့က သူတို့ အလုပ်ပဲလေ။ ဒါကို သူမ သိသင့်တယ်။ ဒါပေမယ့် သူမ မသိဘူး။ အဲဒီလို သိရမယ့်အစား ကျနော်ဝယ်တဲ့ ပစ္စည်းတန်ဖိုးရဲ့ နှစ်ဆ တွက်ယူလိုက်တယ်။ အခုတော့ ဒါနဲ့ပတ်သက်ပြီး သူမ ဒဏ်ပေးခံရမယ်။ အဲဒီဒဏ်က ကျနော်ကိုယ်တိုင်က ပေးမယ့်ဒဏ်။

ကျနော့်လက်ချောင်းတွေက ဂျာကင်အင်္ကျီအိတ်ထဲ ထည့်ထားတဲ့ လက်နက်ပစ္စည်းနားမှာ။ ဒီပစ္စည်းဟာ လက်ချောင်းတွေနဲ့ ထိတွေ့လိုက်တဲ့အခါ သူ့ရဲ့ ပင်ကိုသဘာဝ အေးဆတ် သိပ်သည်းမှုက ပူလောင်နေတဲ့ ကျနော့်အရေပြားကို လောင်မြိုက်သွားသလိုသာ ရှိတော့တယ်။ အထူးသဖြင့် ဒါကို ကျနော်က စိတ်အေးငြိမ်းမှုအဖြစ် မြင်တယ်။

ကာလိုတီဟာ ကားထားရာ နေရာမှာ သူမတစ်ယောက်ထဲ ရှိနေတာမဟုတ်ဘူး ဆိုတာကို သိဟန်မတူဘူး။ သူမရဲ့ ကားအနောက်ဖက်ကနေ ကျနော်ကုန်းထ လာတာကိုတောင် သတိ မပြုလိုက်မိဘူး။ သူမနားကို ကျနော် ရောက်လာပြီး ကားတံခါးကို ဆွဲဖွင့်လိုက်တဲ့အချိန် အထိပဲ ဆိုပါတော့။

သူမကို ကျနော် ဆောင့်ဆွဲထုတ်လိုက်တော့ အော်ဟစ်ရင်း သူမ အတင်းရုန်းတယ်။ ဒါပေမယ့် ကျနော်က လူကြောက်မှ မဟုတ်တာ။

သူမ ပြန်ခုခံတိုက်ခိုက်တဲ့ အနေနဲ့ လက်သည်းရှည်တွေနဲ့ ကျနော့်ရဲ့ မဲနက်နက် ကတ္တီပါမျက်နှာပေါ် ကုတ်ခြစ်တာ ခံလိုက်ရတယ်။

ကျနော် အံ့အားသင့်သွားတယ်။ အရင် ကျနော့်သားကောင် ဖြစ်ခဲ့ကြတဲ့သူတွေဟာ ခုလို ပြန်ခုခံတာမျိုး တစ်ခုတောင် လုပ်ဝံ့ကြတာ မဟုတ်ဘူး။ သိပ်ကို လွယ်လွယ်ကူကူပဲ ပြီးသွားကြတာ။

ဒါပေမယ့် ကာလိုတီဟာ ခံစားလို့ရပါလားဆိုတာ ကျနော် အခု သိသွားပြီ။ တစ်ချက်လောက်လေးနဲ့ ကျနော့်ကို တွေဝေသွားစေတဲ့ သူမရဲ့ ပမာမခန့်မှုကို လက်ပိုက်ကြည့်နေလို့တော့ မရဘူး။ ဒီလိုနေ့ကို အကွက်ချပြီး စောင့်လာခဲ့တာ ကြာပြီ။ ဒီလောက်လေးနဲ့ အစီအစဉ်တွေ အားလုံး အချည်းနှီး ပြိုကျပျက်စီးသွားမှာတော့ ကျနော် လက်မခံနိုင်ဘူး။

လက်တပြန်စာလောက် ရှည်တဲ့ သံချိန်းကြိုးကို ဆွဲထုတ်ချိန်မှာ ကျနော် အရသာတွေ့မိတာက သူမ မျက်လုံးတွေ ပြူးကျယ်သွားတဲ့ပုံပါပဲ။ သူမ လည်တိုင်ဆီ ချိန်းကြိုးနဲ့ ရိုက်ချလိုက်ချိန်မှာတော့ နာကျင်ကွဲအက်သံတစ်ခု ပေါ်လာတယ်။ ညိုပြာညက်နေတဲ့ အသားအရေတွေ ကွဲရှကုန်ပြီး သွေးစိမ်းတွေ ပန်းထွက်လို့ သူမရဲ့ အဖြူရောင် ရှပ်အင်္ကျီပေါ် စွန်းထင်းကုန်တယ်။

နောက်ထပ်ပြီး သူမရဲ့မျက်နှာဆီ ချိန်းကြိုးနဲ့ ဖြတ်ရိုက်ပစ်လိုက်တယ်။ သူမရဲ့ပါးပြင်ဆီ ချိန်းကြိုးသံတွေ တ၀ီဝီမြည်လို့။ သူမရဲ့နှာခေါင်းရိုးတော့ ကျိုးသွားတယ် ထင်တယ်။ အဲဒီကနေ သွေးတွေ ဖြာဆင်းလာတယ်။ သူမဟာ နာကျင်မှုတွေနဲ့ ဟစ်အော်ငိုရင်း မြေပြင်ပေါ် ပြိုလဲကျသွားတယ်။

သူမရဲ့ အပေါ်စီးက ရပ်ရင်း တုန်ယင်ဝပ်လျှိုးနေတဲ့ သူမကို ကျနော် အပျော်တလှေးကြီးနဲ့ ကြည့်လိုက်တယ်။ သူမ ငိုယို ညည်းတွှားရင်းမှာပဲ သံချိန်းကြိုးကို မြောက်ပြီး ဆက်ကာ ဆက်ကာ ကျနော် ရိုက်ချပစ်လိုက်တယ်။

ကျနော် သူမကို အသေတော့ မရိုက်ဘူး။ အပြင်းအထန် ဒဏ်ရာရသွားလောက်အောင်ပဲ လုပ်လိုက်တယ်။ ဒီလို မသေမရှင် အော်ဂလီဆန်စရာ မြင်ကွင်းဟာ ကျနော့်အတွက်တော့ ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ပါပဲ။

သူမရဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်လုရှုနေသံကို အတိုင်းသား ကြားနေရတယ်။ ဒီမြင်ကွင်းကနေ အထွတ်အထိပ် ကြည်နူးမှုကို ရရှိဖို့ ခဏတာ ကျနော် တုန့်ဆိုင်းနေလိုက်တယ်။

ပြီးတော့မှ သူမဘေးနားဆီ ကိုယ်ကိုညွှတ်ပြီး အေးဆတ်ပြီး သွေးစွန်းထင်းနေတဲ့ ချိန်းကြိုးနဲ့ ဒဏ်ရာရထားတဲ့ သူမလည်တိုင်ကို ပတ်လိုက်တယ်။

ဖြတ်သန်းသွားတဲ့ စက္ကန့်တွေနဲ့အတူ ချိန်းကြိုးကို ပိုပြီးတင်းလာအောင် ကျနော်ဆွဲလိုက်တော့ သူမ ဆို့နင့်မွန်းကျပ်သွားတယ်။ သူမရဲ့ အသက်ရူပြွန်ချောင်းနံရံတွေ ကျိုးပျက်ကုန်တာကို ကျနော့်စိတ်ထဲမှာ မြင်လာရလုနီးပါး။ အက်ကွဲသံတွေကိုလည်း ကျနော် ကြားလာရလုနီးပါး။

“သေလိုက် အင်ဒီယန်မ။”

သူမရဲ့ နူးညံ့ပျော့ပျောင်းပြီး နက်မှောင်နေတဲ့ ဆံနွယ်တွေထဲ ကြမ်းကြုတ်စွာပင် တီးတိုးစကား ဆိုလိုက်တယ်။ ဒီနောက် သူမခန္ဓာကိုယ်လေး ပျော့ခွေကျသွားတယ်။ ကြက်သွေးရောင် သွေးစိမ်းတွေ တစ်ကိုယ်လုံးရွဲနစ်နေတဲ့ သူမကိုကြည့်ရင်း ကျနော်၊ အပြုံးတွေ တစ်လှေကြီးနဲ့ပေါ့။

နောက် ဂျင်းဘောင်းဘီအိတ်ထဲက ပြန်တွေ့တဲ့ စက္ကူပုဝါနဲ့ လက်တွေကို သုတ်လိုက်တယ်။ သည့်နောက် ဂျာကင်အိတ်ထဲကို လက်သုံးတော် သံချိန်းကြိုးနဲ့အတူ ပုဝါကို ပြန်ထားလိုက်တယ်။

ကျနော့်အလုပ်ကတော့ ပြီးသွားပြီ။ ဒါကို ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မှ မသိလိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်က ထရင်နီဒတ် ပဲလေ။

ဒီနောက် ကျနော့်ရဲ့ အနှစ်သက်ဆုံး တေးတစ်ပုဒ်ကို ညည်းရင်း အပြုံးမျက်နှာနဲ့ အနီးအနားမှာ ဖြာကျနေတဲ့ ဆည်းဆာနေခြည်အောက်ဆီ လှမ်းလျှောက်လာခဲ့တယ်။

+++++++

ကာလိုတီ ရမ်ဆူဘာ့ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးချက်တွေအရ တစ်ဦးပြီးတစ်ဦး လိုက်လံ သတ်ဖြတ်နေသူ လူသတ်သမားရဲ့ ဓားစားခံများစွာထဲက တစ်ဦးဖြစ်ကြောင်း ရဲတွေရဲ့ ယူဆထားချက်ကို အတည်ပြုပေးနိုင်ခဲ့တယ်။

ခန်းရဲ့ ကုန်စုံဆိုင်မှ အရောင်းစာရေးမ တစ်ဦးဖြစ်တဲ့ အသက် ၃၄ နှစ်ရွယ် ရမ်ဆူဘာ့ရဲ့ အလောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေက ကုန်စုံဆိုင်ရဲ့ ကားထားရာနေရာမှာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ ရှယ်လီဒက်စ်လိုင်းက သတင်းပေးပို့ ထုတ်လွှင့်ခဲ့တယ်။

သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိရတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း တွေ့ရှိခဲ့ရတဲ့ အခြားအမျိုးသမီး ၈ ယောက်က ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆင်ဆင်တူနေတယ်။

ကောရွန်နာရဲ့ အစီရင်ခံချက်အရ အရှေ့ အင်ဒီယန်မျိုးနွယ်က ဆင်းသက်လာတဲ့ ဓားစားခံ ၉ ဦးစလုံးဟာ သံချိန်းကြိုးနဲ့ ရိုက်နှက်ပြီး လည်မျိုညစ်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

မိးဖိုဆောင်ထဲက စီးကရက်တစ်ဘူးနဲ့ ကရစ်ဘီယာ တစ်ပုလင်ကို ဆွဲယူလာကာ၊ ရေဒီယိုကိုဖွင့်ရင်း သံချေးတက်နေတဲ့ သံကုလားထိုင်ပေါ် ကျနော် ပြန်ထိုင်ချလိုက်တယ်။

ကာရစ်ဘီယာကို တစ်ကျိုက်မော့ရင်း ခြောက်ကပ်ကပ်လည်ချောင်းထဲ စီးဆင်းသွားတဲ့ အေးမြမြ ယမကာရည်နဲ့အတူ သက်မပြင်းပြင်း ချမိတယ်။ ဆေးလိပ်ကို တစ်ရှိုက်ဖွာရင်း နှာခေါင်းထဲကနေ မီးခိုးလိပ်တွေကို လွှင့်ထုတ်လိုက်တယ်။

ပြီးတော့ ချက်ချင်းပဲ ကျနော့်ရဲ့ အနှစ်သက်ဆုံးတေးကို အစပြုညည်းလိုက်တယ်။

++++++++

အဲဒီမှာ ကျနော်ပေါ့ - ကျနော်။ အပြုံးတွေဝေနေတဲ့ လူမည်းမိန်းမကြီးလက်ကို တွဲရင်းလွှဲရင်း ဖုန်ထူထူ လမ်းအတိုင်း လျှောက်ဆင်းလာခဲ့တဲ့ ဆယ်နှစ်သားအရွယ် မဲပြာပြာ ကောင်လေးဟာ။ ပြီးတော့ ကျနော့်မေမေရယ်လေ။ ကျနော်သတိရမိတဲ့ အမေ့ပုံရိပ်တွေနဲ့ အခု အမေဟာ အရမ်းကို ကွာခြားသွားသလိုပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သူမကို ကောင်းကောင်း အမှတ်မရတော့တာဟာ ဒါ့ကြောင့်များ ဖြစ်မလားလို့ ကျနော်ထင်မိတယ်။

သူမရဲ့ မျက်ဝန်းကျယ်ကျယ်နဲ့ ငြိမ်သက်နေတဲ့မျက်နှာ။ ဟုတ်တယ်။ အမေ့ရဲ့ အလောင်းစင်ဘေးမှာ ကျနော် ခပ်မဆိတ် ရပ်နေမိခဲ့တယ်။

မကြာခင်မှာပဲ ထောင်ထောင်မောင်းမောင်း ခပ်ဖြောင့်ဖြောင့် လူမည်းတစ်ယောက်ဖြစ်တဲ့ ကျနော့်အဖေဟာ အရှေ့အင်ဒီယန် အမျိုးသမီးတစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ရောက်လာတယ်။

သူမဟာ ချောမောနိုင်လွန်းသူ။ ရှည်လျား နက်မှောင်တဲ့ ဆံနွယ်တွေနဲ့ မျက်နှာက ပြစ်မျိုးမဲ့မထင် မျက်နှာ။ သူမ ကျနော့်ကို ကြည့်နေတယ်။ ပြုံးပြီး ကြည့်နေတယ်။ ဒါပေမယ့် အကြင်နာ မျက်လုံးတွေအစား ရယ်သွမ်းသွေးတဲ့ ရေခဲပြင်လို အေးဆတ်ပြောင်ဝင်းနေတဲ့ မျက်လုံးတွေနဲ့။ သူမရဲ့အပြုံးတွေကို အနီးကပ် စူးစိုက်ကြည့်လေ၊ မြွေတစ်ကောင်က လှစ်ပြနေတဲ့ အစွယ်တွေနဲ့ ပိုပိုတူလာလေ။

သည့်နောက် ရုတ်တရက် စူးရှပြင်းထန်တဲ့ လောင်မြိုက်မှုတစ်ခု ကျနော့် ကိုယ်ပေါ်မှာ ပေါက်ကွဲသွားတယ်။

မှောင်မဲနေတဲ့ အခန်းကြမ်းပြင်ပေါ်မှာ ကျနော် လဲလျောင်းနေခဲ့တယ်။ ဒီအချိန်မှာ မိထွေးဟာ ပြတင်းတံခါးမှတဆင့် အားယူဝင်ရောက်လာတဲ့ ၀ိုးတ၀ါး လရောင်ထဲကနေ ဘီးလူးသဘက် တစ်ကောင်ပမာ ပေါ်လာတယ်။ သူမလက်ထဲမှာတော့ သံချိန်းကြိုးကို ကိုင်လျှက်။

သူမဟာ ကျနော့်ကို ရုတ်တရက်အော်ဟစ်ပြီး ခြေထောက်တွေကို သံချိန်းကြိုးနဲ့ ရိုက်ချလိုက်တယ်။ ကျနော် သံကုန်ငိုကြွေးရင်း သူမနဲ့ ဝေးရာဆီကို တိုးဝှေ့ထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူမရဲ့ လက်နက်မိုးသီးမိုးပေါက်တွေနဲ့ လွတ်ရာကို ကျနော် ရောက်မသွားနိုင်ခဲ့ဘူး။

ကျနော်ဟာ သံချေးတက်နေတဲ့ တစ်ခုတည်းသော အိပ်ယာကုတင်ကို မှီရင်း ကျနော့်ကို အကျဉ်းသမား တစ်ယောက်လို ထိန်းချုပ်ထားတဲ့ သံချိန်းကြိုးအောက်ကနေ လွတ်မြောက်နိုင်ဖို့ စီမံပြီးပါပြီ်။

ပြတင်းပေါက်ကတဆင့် ခုန်ထွက်ဖို့ ပြတင်းမှန်ကို ခွဲမယ့်ဆဲဆဲ အခန်းတံခါးဟာ ရုတ်တရက် ပွင့်ထွက်ပြီး မိထွေး ရောက်လာတယ်။ သူမရဲ့ ချောမောတဲ့မျက်နှာဟာ ဒေါသတွေ အလိမ့်လိမ့်ကျံရင်း ကျနော့်ရှေ့ကို အလျှင်အမြန် တိုးလို့လာခဲ့တယ်။

ကျနော် ကိုယ့်ကိုယ်ကို ခြေကုပ်ယူရပ်ရင်း သူမလက်ထဲက သံချိန်းကြိုးကို ဆွဲဆုပ်လိုက်ချိန်မှာတော့ ခံစားမှုသစ်တစ်ရပ်ဟာ ကျနော့်ကိုယ်ထဲမှာ နိုးကြွလာခဲ့တယ်။

သံချိန်းကြိုးရဲ့ အေးဆတ်လွန်းတဲ့ ထိုးနှက်ချက်တွေကြားမှာ အလူးအလဲခံရင်း ဖြစ်ပေါ်လာခဲ့တဲ့ ငယ်ကြောက် စိတ်ဓာတ်လွှာပေါ်မှာ တမူခြားနားတဲ့ စည်းချက်သံနဲ့ ကျနော့်နှလုံးသွေးတွေ ခုန်လာပါတော့တယ်။

ဒေါသ… အမုန်းတရား… လက်စားချေခြင်း…။

ပြီးတော့ ကျနော့် စက်ကွင်းထဲ သူမ ရောက်လာတာနဲ့ သူမကို သံချိန်းကြိုးနဲ့ ရိုက်ပြီး ဆောင့်ဆွဲလိုက်တယ်။ စပါးကြီးမြွေတစ်ကောင်က သူ့သားကောင်ရဲ့ လည်မျိုကို ဖြစ်ညစ်ပြီး မွန်းကျပ်အောင်လုပ်သလိုမျိုး သံချိန်းကြိုးဟာ သူမရဲ့ လည်တိုင်ကို ရစ်ပတ်ပစ်လိုက်တယ်။ ကျနော် ချိန်းကြိုးကို လျော့လိုက်တော့ သူမ ကြမ်းပြင်ပေါ် ပြိုလဲကျပြီး သေငယ်ဇော ၀င်နေတယ်။ တဒင်္ဂတောင် တုံ့ဆိုင်းမနေဘဲ ချိန်းကြိုးနဲ့ တစ်ချက်ပြီး တစ်ချက် သူမကိုယ်ပေါ်ကို ကျနော် ဆင့်ရိုက်ချလိုက်တယ်။

သူမရဲ့ ဟစ်အော်ညည်းတွှားလိုက်တဲ့ အသံဟာ ကျနော့်နားထဲမှာ ချိုမြတဲ့ ဂီတသံစဉ်ပါ။ အဖေ အိမ်မှာ ရှိမနေတာကိုတော့ ဘုရားသခင်ကို ကျေးဇူးတင်မိပါရဲ့။ ရိုက်ချလိုက်တဲ့ ရိုက်ချက်တိုင်းမှာ အရိုးတွေဟာ ကျိုးပဲ့ကုန်တယ်။ ရင်လှိုက်သည်းလှိုက်စရာ အရာအားလုံးဟာ ကျနော့် ခန္ဓာကိုယ်အနှံ့ သိမ့်ခါသွားကြတယ်။ သူမကတော့ သတိလစ် သွားပြီး ကိုယ်ကထွက်လာတဲ့ သွေးတွေဟာ ကြမ်းပြင်ဆီ ယိုစီးထွက်လာကြတယ်။ ဧရာမ အောင်ပွဲပဲ။ ကျနော် အရသာတွေ့မိတယ်။ နောက် ခါးကိုညွှတ်ရင်း ချိန်းကြိုးနဲ့ သူမလည်ပင်းကို ရစ်ပတ်လိုက်ချိန်မှာတော့ ကျနော့် သွေးကြောထဲက အဆိပ်တွေလို ပူလောင်ပြင်းပြတဲ့ ဒေါသအပိုင်းအစတွေဟာ ပွင့်အန်ထွက်လာတယ်။ သူမလည်တိုင်မှာ ရစ်ပတ်ထားတဲ့ ချိန်းကြိုးကို တင်းသထက် တင်းတင်း ကျနော် ဆွဲလိုက်တော့ ပူနွေးတဲ့ သွေးစိမ်းတွေဟာ လက်ချောင်းတွေ ကြားထဲကနေ တစက်စက် ကျကုန်တယ်။

နောက်ဆုံးထွက်သက်တစ်ချက် အပြီးမှာတော့ သေမင်းရဲ့ အေးဆတ်တဲ့ လက်တွေဟာ သူမကိုယ်ထဲက ၀ိညာဉ်ကို ဆွဲထုတ် ဆုတ်ဖြဲပစ်လိုက်တော့တယ်။ သံချိန်းကြိုးကို တင်းတင်းဆုပ်ထားတဲ့ လက်ကို ဖြေလျော့ရင်း ရုပ်အလောင်းကို ကျေကျေနပ်နပ်ကြီး ကျနော် ကြည့်လိုက်တယ်။ နောက် မျက်လုံးအစုံကို မှေးမှိတ်ရင်း သူမကိုယ်မှ သွေးညီနံ့ကို ရှူရှိုက်လိုက်တယ်။

“သောက်ကန်းမ… ဘယ်သူမပြု မိမိမှုပဲလေ။”

++++++++

“ဘင်ဂျီ”

ကြမ်းရှရှ အသံတစ်သံ ကျနော့်ရဲ့ ဦးခေါင်းထဲကို ဖြတ်သန်း မြည်ဟီးသွားတယ်။ မျက်လုံးတွေကို ကျနော် ဖွင့်ကြည့်လိုက်တယ်။ ဂရပ်ဖတီ နံရံပန်းချီတွေ ရေးထားတဲ့ ညိုညစ်ညစ် ကွန်ဂရစ်နံရံဟာ ကျနော့်မျက်လုံးတွေနဲ့ လာဆုံတယ်။

နံရံ ပြတင်းပေါက်ငယ်လေးမှတဆင့် အခန်းအမှောင်ထုထဲ တိုးဝင်လာတဲ့ လင်းရောင်ခြည်လေးကြောင့် အရုဏ်လင်းချိန် ဆိုတာကို ကျနော် သတိပြုမိလိုက်တယ်။

သံတိုင်တွေကြားကတဆင့် အကျဉ်းထောင် ခန်းမြှောင်လမ်းဆီ ကြည့်လိုက်တော့ ထောင်ဝန်ထမ်း သုံးယောက် ကျနော့်ကို စောင့်ဆိုင်းနေတာ တွေ့ရတယ်။

ကျနော် မတ်တပ်ရပ်ရင်း ပြတင်းပေါက် အပြင်ဖက်ကို လှမ်းကြည့်လိုက်တယ်။ ကျနော့် မျက်လုံးထဲကို စူးရှတောက်ပတဲ့ လင်းရောင်ခြည်တွေ သွတ်သွင်းရင်း နေ၀န်းဟာ တစ်စွန်းတစ်စ ပေါ်လာတယ်။

“အချိန်တန်ပြီ။”

ထောင်ကြပ်တွေထဲက တစ်ယောက်က ခပ်ထန်ထန် စကားဆိုလိုက်တယ်။ နောက် လက်တွေ၊ ခြေတွေကို လက်ထိပ် သံခြေကျင်းခတ်ရင်း လမ်းမြှောင်အတိုင်း ကျနော့်ကို ခေါ်ဆောင်လာကြတယ်။

နေထွက်ချိန်။

ကျနော့်ရဲ့ နောက်ဆုံးနေထွက်ချိန်။
=====

ဝန်ခံချက်
Aamina Ali ၏ Chain Reaction ကို ပြန်ဆိုကြည့်ခြင်း ဖြစ်ပါသည်။ ဟန်းဂုရွာ ဧည့်သည်တော် အပေါင်းအား လေးစားချစ်ခင်လျှက်။

No comments: